မုံရွာ ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီ ကောလိပ်ရှိ ပဉ္စဗလဘက်စုံသုံး ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသူများက “မင်္ဂလာပါ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ဦးတည်ချက်(၁၂)ရပ်၏ လူမှုရေးဦးတည်ချက်တွင် ပါဝင်သည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍ မြှင့်တင်ရေးဆိုသည့် ဦးတည်ချက် အား အကောင်ထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ပညာရေး တိုးတက် ကောင်းမွန်စေရေး၊ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြား လိုပါကြောင်း၊ ပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှု နည်းလမ်းများမှ တစ်ဆင့် ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ ကျွမ်းကျင်မူ၊ စွမ်းရည်အရည်အသွေးနှင့် တန်ဖိုးများဟု ဖွင့်ဆိုသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လူတစ်ယောက်သည် ပညာအားမွေးကင်းစ အရွယ်မှစ၍ ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ သည် နိုင်ငံတော် အတွက် အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမများအားလုံးနှင့် ဆရာ၊ ဆရာမများသည်လည်း နိုင်ငံတော်၏ ဦးတည်ချက် များ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများအား သိရှိနားလည်ပြီး လိုက်နာဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ စိတ်ဓာတ် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမကောင်းများဖြစ်အောင် အထူးဂရုပြုကြိုးစားအား ထုတ်သွားကြရန်နှင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်အောင် ကြိုးစားသင်ယူလေ့လာသွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ်- ၂၂၀၅၀၀၀၀ (ကျပ်သိန်းနှစ်ရာနှစ်ဆယ်ငါးသောင်း)နှင့် မုံရွာပညာရေး ဒီဂရီကောလိပ် ကျောင်း အတွက် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ်- ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မုံရွာပညာရေးဒီဂရီကောလိပ်သို့ ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ ၂၈၆ ဦး၊ ဒုတိယနှစ်(ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ ၄၂၅ ဦး၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်) သင်တန်းသား၊သင်တန်းသူ ၄၆ ဦး၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း၊ သင်တန်းသား၊ သင်တန်းသူ ၁၂၅ ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၈၈၂ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး၊ (ပြန်/ဆက်)