လှိုင်းဘွဲ ဇွန် ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်အား ဆက်သွယ်ပေးထားသည့် ကားလမ်းမပေါ်တွင် ဒေသတွင်းထွက်ရှိသည့် ဝါးပင်မှအိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းရောင်းချသည့် ဆိုင်များတွင် ဝါးဖြင့်ယက်လုပ်ထားသော ကြက်အုပ်ဆောင်း၊ကြက်ဝပ်ခြင်းများ အရောင်းသွက်လျက်ရှိကြောင်း ဝါးဖြင့် အသုံးအဆောင်ပစ္စည်းများပြုလုပ်ရောင်းချကြသော အရောင်းဆိုင်များထံမှ သိရသည်။
အသားစား မွေးမြူရေးကြက်နှင့် မွေးမြူရေး ကြက်ဥများစျေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဒေသတွင်း ရှိတိုင်းရင်းကြက်နှင့်ကြက်ဥ (ဒေသအခါ်အိမ်ကြက်နှင့်အိမ်ကြက်ဥ)များမှာလည်း စျေးကောင်းပိုမိုရရှိနေကြသဖြင့် ကျေးရွာနေပြည်သူများက တိုင်းရင်းကြက် (အိမ်ကြက်) များကို ယခင်ကထက် ပိုမိုမွေးမြူလာကြသည်။
ဒေသမျိုးရင်းကြက်များမှာ အကြမ်းခံခြင်း၊ အစာအတွက် စပါးနှင့် ထမင်းကျန်များဖြင့်အဆင်ပြေခြင်း၊ ဥခြင်းဝပ်နေသော ကြက်မများနှင့် ကြက် ကလေးငယ်ရှိသော ကြက်မအုပ်များမှလွဲ၍ ကျန်ကြက် အလတ်၊ အကြီး၊အထီး၊အမများမှာ အိမ်ခြံဝိုင်းအတွင်းရှိ သစ်ပင်များပေါ်တွင် အိပ်တန်းတက်တတ် ခြင်းများကြောင့် ကြက်ခြံဆောက်လုပ်ပေးရန် ငွေကုန်ကျသက်သာပြီး ကြက်များခိုးယူဖမ်းစားကြသော ကာလသားများရန်မှ ကင်းဝေးမှုအနည်းငယ်ရှိကြသော်လည်း ကြက်ဥနှင့် ကြက်ကလေးငယ်များ၊ သားခွဲကြက်ငယ်များအတွက် ကြွက်ကြီးများနှင့် မြွေအန္တရာယ်ကို သတိထားရခြင်းများရှိကြောင်း၊ အိမ်ကြက်များကို တစ်အုပ်၊တစ်မကြီးမွေးမြူကြလျှင် စိုက်ပျိုးရေးနှင့် တွဲ၍လုပ်မရသော် လည်း ခြံထဲတွင် ခြကောင်နှင့် အဆိပ်ရှိကင်းခြေများကောင်များမတွေ့ရှိရကြောင်း၊ အိမ်ကြက် အမွေးနုတ်ပြီး ၁ ပိဿာစျေးနှုန်းအနေဖြင့် ငွေ(၁၈၀၀၀)ကျပ် စျေးရရှိကြောင်း၊ ဒေသကြက်မွေးမြူ ကြသော ကျေးရွာနေပြည်သူများက ရှင်းပြပေးသည်။
ကျေးလက်တောရွာနေပြည်သူများအနေဖြင့် အိမ်ခြံဝင်းကျယ်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြသည်သာမက အိမ်၏စီးပွားရေးအဖြစ်နှင့်ပါ ဒေသကြက်များကို အိမ်တိုင်းနီးပါး မွေးမြုလာကြကြောင်း၊ သားမခွဲရသေးသော ကြက်ငယ်များနှင့်ကြက်မကြီးအတွက် ကြက်အုပ်ဆောင်း တစ်လုံးလျှင် ငွေ(၄၀၀၀)ကျပ်၊ ကြက်ဥ ဥနိုင်ရန်အတွက် ကြက်မဝပ်ခြင်း တစ်လုံးလျှင် ငွေ(၄၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ဝါးထွက်ပစ္စည်းများကို ပြုလုပ်ရောင်းချပေးနေသော ဆိုင်ရှင်တစ်ဦးက ရှင်းပြခဲ့သည်။
လင်းသန့်(ပြန်/ဆက်)