ဟိုင်းကြီးကျွန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကို ယနေ့ နေ့လယ် (၁၂)နာရီ အချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့ အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာန ဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် မြို့အဆင့် ဌာနဆိုင်ရာများသည် ဟိုင်းကြီးကျွန်းမြို့ မြို့အဝင်တံတားထိပ်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများသို့ သွားရောက်ပြီး ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း ရှိ/မရှိ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်းမလိုက်နာသူများအား သတိပေး ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများသည် ဟိုင်းကြီးကျွန်းမြို့အတွင်း လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပွားစေရန်အတွက် ဆိုင်ကယ်များ၊ ကားများနှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ခရီးသွားများနှင့် ယာဥ်များအား သေချာစွာစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)