ဒီးမော့ဆိုတွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင် အသုံးပြုရေး အသိပညာပေး

ဒီးမော့ဆို  အောက်တိုဘာ ၈

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ငွေတောင်ကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံ(ဒီးမော့ဆို) ကျောင်းရှေ့၌ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်အသုံးပြုရေး အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကာ ချက်ချင်း တပ်ဆင် အသုံးပြုနိုင်ရန် နှာခေါင်းစည်း တစ်ခုလျှင် ငွေဒဏ် ၂၀၀ ကျပ် ပေးဆောင်ပြီး ချက်ချင်း တပ်ဆင်စေခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော  ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ပြုမှုနေထိုင်နိုင်ရန် အသိပညာပေးခြင်းနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင် အသုံးပြုခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းများကို အပတ်စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)