သရက်ချောင်း ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၃ခုနှစ်တွင် စပါးအထွက် နှုန်းတိုးတက်မြှင့်မားစေရေးအတွက် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် သဘာဝမိုးရေဖြင့်မိုးစပါး (၂၆၀၁၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။
မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ တောင်သူများက သဘာဝမိုးရေဖြင့်မိုးစပါး(၂၆၀၁၆)ဧက စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးရန်အတွက် မိုးစပါးစိုက်တောင်သူများအား မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧက တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ရရှိရေးဆောင်ရွက်ပေးခြင်း၊ သဘာဝဓါတ်မြေသြဇာသုံးစွဲခြင်းနှင့် စိုက်ပျိုးရေးနည်းပညာပေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဓါတ်မြေသြဇာများစျေးနှုန်းချိုသာစွာရောင်းချပေးခြင်း၊ တောင်သူလယ်သမားများအား နည်းပညာအသုံးပြု၍ စပါးပင်များစနစ်တကျစိုက်ပျိုးနိုင်ရန် Viber Group၊ Messenger Group များဖွဲ့၍ လမ်းညွှန်ပေးခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအနေဖြင့် တောင်သူများ နည်းမှန်၊ လမ်းမှန်ဖြင့် စိုက်ပျိုးနိုင်ရန် မိုးစပါးစိုက်ကွင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)