လိပ်သို ဇွန် ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေနဲ့ အောင်မြင်မှုဆီကိုသွားရာလမ်းမှာ မဆုတ်မနစ် အလျော့မပေးပဲ စွဲစွဲမြဲမြဲနှင့် ဇွဲရှိရှိ ရည်ရွယ်ရာပန်းတိုင်ဆီကို သွားဖို့ရန် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဘယ်လိုစိတ် ထားသင့်လဲ၊ ဘယ်လိုပြောင်းလဲမှုပြုလုပ်သင့်လဲဆိုတာကို သိမှတ်လိုက်နာရန်အချက်များအကြောင်းနှင့် Talk Show ဆွေးနွေးပွဲ အစီအစဉ်ပြုလုပ်ရခြင်းတို့ကိုလည်းကောင်း၊ Youth Club အဖွဲ့ဝင် စောမင်းသန့်နိုင်က အောင်မြင်မှုဆိုတာ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းကနေပြီးတော့ သတ်မှတ်တိုင်းတာထားတဲ့ စံနှုန်းစံထား ကျော်ကြားမှုတစ်ခုဖြစ်ပါကြောင်း၊ အဲ့ဒီအောင်မြင်မှုကို အဓိပ္ပယ်သတ်မှတ်တဲ့ လူသားတစ်ယောက်ချင်းစီပေါ်မူတည်ပြီးတော့လည်း ကွဲပြားခြားနားတတ် ပါကြောင်း၊ ယေဘူယျအားဖြင့် ကွဲပြားတဲ့အောင်မြင်မှု (၁၀) မျိုးတွေ့ရပါကြောင်း၊ အောင်မြင်တဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဘ၀ကို တစ်သမတ် တည်းတော့ သွားလို့မရပါကြောင်း၊ ပြောင်းလဲတဲ့နေရာမှာ အရေးကြီးတဲ့အရာကိုသိထားသင့်ပါကြောင်း ၊ကျွန်တော်တို့အနေနဲ့ လက်ဆုပ် လက်ကိုင်ပြုသင့်တဲ့အချက် (၇) ချက်ရှိပါကြောင်း၊ ဒီလိုအချက်တွေကို လက်တွေ့လိုက်နာကျင့်ကြံခြင်းအားဖြင့် ကျွန်တော်တို့အနေဲ့ အောင်မြင်မှုတွေကို ရရှိခံစား နိုင်မှာဖြစ်ကြောင်း တို့ကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေးလုပ်ငန်းများကို Online မှ တစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)