ရှမ်းရွာသစ် ဇွန် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် အသက်(၅)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီ အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျောင်းသား/သူများအား အပူချိန်တိုင်းပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်မှထိုးနှံခြင်းမရှိသည့် ကျောင်းသား/သူများအား ပထမအကြိမ်ထိုးနှံပေးခြင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသော ကျောင်းသား/သူများအား အပိုဆောင်း ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပထမအကြိမ်အဖြစ် ကျောင်းသား/သူ (၃၇)ဦးနှင့် အပိုဆောင်းကာကွယ်ဆေး (၁၄)ဦး စုစုပေါင်း(၅၂)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်
ရှမ်းရွာသစ်မြို့တွင် အခြေခံပညာစာသင်ကျောင်း (၂၅)ကျောင်းရှိရာ (၁၉)ကျောင်းသာဖွင့်လှစ်နိုင်ခဲ့ပြီး အသက်(၅)နှစ်ပြည့်ကျောင်းသား/သူများအား မြို့အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ သတ်မှတ်ရက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)