အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်

အိမ်မဲ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီတွင် လယ်ပေါ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၂၀၀)ဦးခန့်ဖြင့် အဖွဲ့(၁၀)ဖွဲ့ခွဲ ကာလယ်ပေါ်ရပ်ကွက်အတွင်း၌ လည်းကောင်း၊ မြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌လည်းကောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ် ခြင်းလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

“ခြင်ကြားလောက်လမ်းပေါက်ပွားရာ နေရာများကတော့ အဓိက ရေသိုလှောင်ပစ္စည်းများဖြစ်တဲ့ ရေစည်၊ ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ နတ်ပန်အိုး၊ အလှပန်းအိုးများ၊ ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ခွက်ခွံ၊ တာယာဟောင်းများ၊ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိတဲ့ သစ်ပင်အခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များ၊ ခုတ်ပြီးအငုတ်ကျန်ခဲ့တဲ့ ဝါးဆစ်တွေမှ ပေါက်ပွားပါတယ်။ အခုက တော့ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနဲ့ အဘိတ်ဆေးများ လိုက်လံခတ်ပေး တာဖြစ် ကြောင်း” မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)