၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (အတွဲ-၂) (ဝိဇ္ဇာဘာသာတွဲ)တွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ မထိုက်သူလင်းနှင့် တွေ့ဆုံမေးမြန်း

ကျုံပျော် ဇွန် ၁၂

၂၀၂၃ တက္ကသိုလ်ဝင်အောင်စာရင်းကို ကြေညာခဲ့ပြီးနောက်  ဝိဇ္ဇာဘာသာတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများ ဆုံးရရှိတဲ့ The Whole Burma First ပေါ်ထွက်လာပါတယ်။ သူကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောက်တဲ့ရိုး အထကမှ  ကျောင်းသူ မထိုက်သူလင်းဖြစ်ပြီး၊ အဖ ဦးရဲလင်းထိုက် အမိ ဒေါ်အေးအေးသင်းတို့မှ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မထိုက်သူလင်းဟာ ဝိဇ္ဇာဘာသာတွဲကို ယူထားပြီး ခြောက်ဘာသာဂုဏ်ထူးကို ရမှတ် (၅၁၃)မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမနေရာကို ရောက်ရှိလာပါတယ်။ ပထမဆုရှင်  မထိုက်သူလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်ကို ဖော်ပြပေးလိုက်ပါ တယ်။

ပထမဆုရှင်  မထိုက်သူလင်း

မေး။ သမီးရဲ့အမည်၊ အသက်နဲ့ မွေဖွားနေထိုင်ရာဒေသကို ပြောပြပေးပါ။

ဖြေ။ သမီးအမည်က မထိုက်သူလင်းဖြစ်ပါတယ်၊ အသက်က (၁၈) နှစ်ပါ၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင် ကျေးရွာ အုပ်စု၊ ကုက္ကိုယ်တောရွာမှာ နေထိုင်ပါတယ်။

မေး- သမီးတက်ရောက်သင်ကြားခဲ့တဲ့ ကျောင်းနဲ့ ယူခဲ့တဲ့ဘာသာတွဲကို ပြောပြပေးပါ။

ဖြေ။ မူလတန်းကို ရွာကျောင်းမှာ တက်ရောက်ခဲ့ပြီး ပဉ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို တောက်တဲ့ရိုး အထကမှာ ပညာသင်ကြားခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ဆရာမတွေမြင်ရင် အားကျခဲ့လို့ ဘာသာတွဲ(၂)ကို ယူဖြစ်ခဲ့ပါတယ်။

 မေး - The Whole Burma First ဖြစ်သွားတဲ့အတွက် ဘယ်လိုခံစားနေရလဲ ပြောပြပေးပါ။

ဖြေ။ ရမယ်လို့ ထင်မထားပါဘူး၊ အရမ်းတော့ကြိုးစားခဲ့ပါတယ်၊ အခုလို ပထမရခဲ့တော့ သိပ်ကိုဝမ်းသာပိတိ ဖြစ်ရပါတယ်။

မေး - တစ်နှစ်တာလုံး အိပ်ချိန်၊ စားချိန်၊ စာကျက်ချိန်တွေကို ဘယ်လိုအချိန်ဇယားဆွဲပြီး တစိုက်မတ်မတ် လေ့လာခဲ့သလဲ။

ဖြေ။ အိပ်ချိန်ပုံမှန် မရှိခဲ့ပါဘူး၊ စာမရသေးရင် အိပ်ချိန်ကို လျှော့ချပါတယ်၊ နံနက်စောစောတိုင်းထပြီး စာကျက်ဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိတော့ ဘက်ထရီအိုးချောက်နဲ့ LED မီးသီးထွန်းပြီး စာကျက်ခဲ့ရပါတယ်။

မေး ။ အားနည်းတဲ့ ဘာသာရပ်ကော ရှိခဲ့လား၊ အမှတ်အများဆုံးရရှိဖို့ ဘယ်လိုကြိုးစားခဲ့လဲ။

ဖြေ။ သင်္ချာဘာသာရပ်ကို အားနည်းခဲ့တဲ့အတွက် အထပ်ထပ်လေ့ကျင့်ခဲ့ရပါတယ်၊ ဆရာမက အသင်အပြ ကောင်းတယ်၊ သင်္ချာဘာသာကို ဂုဏ်ထူးထွက်ဖို့ အထူးကြိုးစားခဲ့ရပါတယ်။

မေး -  ဒီလို အမှတ်အများဆုံးဆုရှင် ဖြစ်လာဖို့အတွက် ဆရာ ဆရာမတွေ၊ မိဘတွေရဲ့ အထောက်အပံ့တွေ ဘယ်လိုရခဲ့သလဲ။

ဖြေ။ မိဘတွေက အလုပ်မအားကြပါဘူး၊ သူတို့ကို သိပ်ပြီးသနားတယ်၊ ဒါကြောင့် ပိုပြီးကြိုးစားခဲ့ရတယ်၊ ဆရာတွေကလည်း ကြိုးစားတာ သိတဲ့အတွက် စာနဲ့ပတ်သက်ရင် ကူညီခဲ့ကြပါတယ်၊ The Whole Burma First ရစေချင်ကြတယ်။ အားလုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ပျော်ပါတယ်။

မေး -  သမီး ဘယ်တက္ကသိုလ် တက်မယ်၊ ဘဝအတွက် ဘာဆက်လုပ်မယ်လို့ ရည်ရွယ်ထားလဲ။

ဖြေ။ ပညာရေးတက္ကသိုလ် ဆက်တက်ပြီး ကျောင်းဆရာမ လုပ်ချင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးတို့ကလည်း သမီးရဲ့ (၅)နှစ်တာ ပညာသင်စရိတ် အားလုံးကို စီမံဆောင်ရွက်ပေးပါတယ်။

မေး - ငယ်ငယ်ကရော ဘယ်လို ထူးချွန်ဆုတွေ ရခဲ့လဲ။

ဖြေ။ အမက ကုက္ကိုယ်တောမှာ တက်တုန်းက ပထမဆုတွေရခဲ့ပါတယ်၊ ဒီတောက်တဲ့ရိုး အထကကို ရောက် တော့လည်း အင်္ဂလိပ်စာ၊ သင်္ချာစတဲ့ ဘာသာရပ်ထူးချွန်နဲ့ လူရည်ချွန်တွေကို ဝင်ရောက်ဖြေဆိုဘူးပါတယ်။ စာစီစာကုံး မြို့နယ်ထူးချွန်ဆုတွေလည်း ရဘူးပါတယ်။

မေး -  The Whole Burma First ဖြစ်ရမယ်လို့ရော မျှော်မှန်းထားလား။

ဖြေ။ မျှော်လင့်မိပါတယ်၊ မဖြစ်နိုင်ဘူးလို့လည်း ထင်တယ်၊ အခုလိုရခဲ့တော့ ကြိုးစားရင် ဘာမဆိုဖြစ် တယ်ဆိုတဲ့ အသိကလေး ရလာပါတယ်။

မေး - ဒီနှစ်စာမေးပွဲမှာ  အောင်မြင်ခဲ့တဲ့ လူတွေရှိသလို မမျှော်လင့်ဘဲ ကျရှုံးသွားတဲ့ သူတွေအတွက် အားပေး စကားရော ဘာပြောချင်လဲ။

ဖြေ။ အားမငယ်ဖို့ ပြောချင်ပါတယ်။ အကြိမ်တစ်ရာလဲကျရင် တစ်ရာ့တစ်ကြိမ်မှာ ပြန်ထနိုင်ရမယ်ဆိုတဲ့ စိတ်မွေးစေချင်ပါတယ်။ စိတ်သာ အဓိကလို့ ဘုရားရှင်ကလည်းဟောခဲ့ပါတယ်၊ ကြိုးစားရင်ဘာမဆို ဖြစ်နိုင်တယ်လို့ အားပေးချင်ပါတယ်။

မေး - ဒီနှစ် စာမေးပွဲ ဖြေမယ့် မောင်လေး၊ ညီမလေးတွေအတွက်ရော ဘာပြောချင်လဲ။

ဖြေ။ ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ပြောချင်ပါတယ်၊ ကျူရှင်မရှိရင်လည်း အားမငယ်ဖို့၊ ဆရာမတွေ သင်ကြား တာကို ဂရုစိုက် နားထောင်ပြီး သေချာကျက်မှတ်ရင် အဆင်ပြေတယ်လို့ပြောချင်ပါတယ်။

‌မေး။ ဖြည့်စွက်ပြောလိုတာလေးရှိရင် ပြောပေးပါ။

ဖြေ။ သမီးအရမ်းပျော်ပါတယ်၊ အခုလိုကြိုးစားခဲ့တာကို အသိအမှတ်ပြု ထောက်ပံ့ပေးတဲ့အတွက်လည်း သမီးရဲ့ ပညာရေးလမ်းခရီး ဖြောင့်ဖြူးတော့မှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။

တွေ့ဆုံမေးမြန်း - လပြည့်ဦး(ပြန်/ဆက်)