နတ်တလင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

နတ်တလင်း ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.မ.က ဇီးကုန်းလေး ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးချတတ်လာပြီးစာဖတ်သည့် အလေ့အထကောင်းများ ရရှိလာနိုင်ခြင်းတို့ကိုပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်းများဖြင့်အသိပညာပေး ပြောကြားသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အဆိပ်ပန်းအသိပညာပေးနံရရံကပ်စာစောင် တို့ကိုပြသဆောင်ရွက်ခဲ့ပြီး စာအုပ်၊ စာစောင်များကိုဖတ်ရှု့စေခြင်းအပြင် စာအုပ်များအားရက်သတ္တပတ်နှစ်ပတ် ကြာငှားရမ်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပညာရေးဌာနနှင့် ပူးပေါင်း၍အခြေခံပညာကျောင်းများသို့ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)