သရက်ချောင်း ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များစိုက်ပျိုးရောင်းချရမှ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း ကွမ်းသီးပျိုးပင်များပြုစုပျိုးထောင်သူ တောင်သူများထံမှသိရသည်။
ကွမ်းသီးပျိုးပင်စိုက်ပျိုးရာတွင် အစေ့ကိုပျိုးပြီးအိတ်များဖြင့် စနစ်တကျစိုက်ပျိုးရကြောင်း၊မြေသြဇာလုံလောက်စွာထည့်ပေးရကြောင်း၊ ရေကိုလုံလောက်စွာပေးရကြောင်း၊ ကွမ်းသီးပျိုးပင်များကို တစ်နှစ်ကြာအောင်ပျိုးထားရကြောင်း၊ တစ်နှစ်ကြာသောပျိုးပင်များ စိုက်ထည့်ရာ တွင် တစ်ပင်နှင့်တစ်ပင် (၈)ပေမကွာစိုက်ထည့်ရကြောင်း၊ ကွမ်းသီးပင်များကို မိုးဦးတစ်ကြိမ် မိုးနှောင်း တစ်ကြိမ်မြေသြဇာပေးရပြီး (၇) နှစ်(၈)နှစ်အကြာတွင်ကွမ်းပင်များ စတင်အသီးသီးကြောင်း၊ ကွမ်းသီးကို အောက်တိုဘာနှင့် နိုဝင်ဘာလတွေမှာ အသီးများစတင်ခူးနိုင်ကြောင်း ကွမ်းပင်၏ ဘေးတစ်ဖက်တစ်ချက်တွင် အခြားသီးညှပ်ပင်များစိုက်ပျိုးကာ မိသားစုအပိုဝင်ငွေများရရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူ တောင်သူတစ်ဦးထံမှသိရသည်။
သရက်ချောင်းမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်စိုက်ပျိုးရာမှ စျေးကောင်းရရှိလျက်ရှိရာ ယခင်နှစ်က ကွမ်းသီးပျိုးပင်တစ်ပင်ကို ၂၅၀ကျပ်ရရှိသော်လည်း ယခုနှစ်တွင် ကွမ်းသီးပျိုးပင်တစ်ပင်ကို ၃၅၀ကျပ်အထိစျေးကောင်းရရှိကြောင်း ကွမ်းသီးပျိုးပင်စိုက်ပျိုးသူ တောင်သူများထံမှသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)