လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထူးဆုတောင်းဝတ်ပြုပွဲပြုလုပ်

လိပ်သို  ဇွန် ၁၂

ဂေခိုဂေဘား ကရင်နှစ်ခြင်းခရစ်ယာန်သာသာနာ၊ လိပ်သိုမြို့ ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထူး ဆုတောင်းဝတ်ပြုပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝတ်ပြုဆုတောင်းပွဲတွင် ဓမ္မဆရာစောဂစ်ပ်ဆင်မှ အဖွင့်ဆုတောင်းခြင်းဖြင့် အစပြုခဲ့ပြီး ဓမ္မဆရာမနော်မြင့်မြင့်သန်းက ကလေးများနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဖတ်ကြားခြင်းနှင့် ကလေးများအတွက် အထူးဆုတောင်းပေးပြီး သင်းအုပ်ဆရာ စောမြင့်ထွန်းက ကလေးများနှင့် ပရိသတ်များအတွက် တရားဒေသနာတော် ဟောကြားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ကလေးများနေ့ ဝတ်ပြုဆုတောင်းပွဲကိုတက်ရောက်လာကြသော ကလေးငယ်များကလည်း သမ္မာကျမ်းစာအား ရွတ်ဆိုခြင်း၊ ဓမ္မတေးသီချင်းများဖြင့် တေးသရုပ်ဖော်သီဆိုကပြ ချီးမွမ်းခြင်းတို့ပြုလုပ်ခဲ့ကြပြီး လိပ်သိုအသင်းတော် ဓမ္မပညာဌာနနှင့် မိဘများက ကလေးသူငယ်များအား ဂုဏ်ပြုလက်ဆောင်များ၊ စားသောက်ဖွယ်ရာများပေးအပ်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)