မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြစိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ပျိုးထောင်ထားရှိ

မြို့သစ် ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိသစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သစ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ အစဉ်သန့်ရှင်းသာယာလှပနေစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း သာယာစိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး လွတ်လပ်ရေးပန်းခြံအတွင်း ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပင်များ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဆန်းဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က လွတ်လပ်ရေးပန်းခြံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်း၊ မြက်ခင်းနှင့် ပန်းအလှပင်များ အလှပုံဖော်ခြင်းနှင့် အမှိုက်များ ကောက်ယူရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင် ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်အတွင်းသာယာစိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန် ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပျိုးပင်များနှင့် အရိပ်ရပျိုးပင်များ စုပေါင်း ပျိုးထောင်ခဲ့ကြသည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ လမ်းဆုံများ၌ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ထားရှိသော လမ်းညွှန်ဆိုင်းဘုတ်များ ပြုပြင်စိုက်ထူခြင်း၊ မြို့တွင်း လမ်းမီးတိုင်များ ကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်း၊ သာယာစိမ်းလန်းစိုပြည်စေရန် ဆောင်ရွက်ထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များ ရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မစည်ပင်သာယာဈေးတွင် အပတ်စဉ် ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထု စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း စသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)