မော်လမြိုင်ကျွန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်နှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ခုနှစ် လပွတ္တာခရိုင်အတွင်းရှိ မြို့နယ်(၂) မြို့နယ်တွင် မိုးစပါး (၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ သွင်းအားစုများဖြစ်သည့် မျိုးစပါး၊ ဓာတ်မြေသြဇာများ၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများ ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေလယ် (၃) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေများ ထုတ်ပေးရခြင်းအကြောင်းနှင့် မိုးစပါး (၁)ဧက (၁၀)တင်းနှုန်း တိုးမြှင့်ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့် လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေများအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးစပါးနှင့် သွင်းအားစုများအား တောင်သူ ကိုယ်စားလှယ်များထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ထို့နောက် မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်မြင့်မားလာရခြင်းနှင့် အကျိုးကျေးဇူးများအား တောင်သူ ဦးတင်အောင်သန်း တင်ပြဆွေးနွေးခဲ့ပြီး နောက် မော်လမြိုင်ကျွန်းမြို့နယ်၊ ထီးဆိပ်ဘုရားစု ကျေးရွာမှ တောင်သူ ဦးတင်မိုးဦးက တောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွှန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် (၂) မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီး ကြပ်မှုကော်မတီဝင်များနှင့် မြို့နယ်များရှိ တောင်သူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)