ကျွန်းလှမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျွန်းလှ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်၊ ဂေဟစနစ်ပြန်လည် ကောင်းမွန်စေရန်၊ သစ်တောသစ်ပင်များ ချစ်မြတ်နိုးစေရန်၊ ပြည်သူလူထုကိုယ်တိုင် ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးကို ယနေ့ နံနက် ၈ နာရီက ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက ပျိုးပင်များပေးအပ်ရာ ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က လက်ခံရယူကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်း အဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများက ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ဗန်ဒါ၊ ခရေ၊ ရေတမာ ပျိုးပင် ၅၀၀ အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

ကျွန်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ၌ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ လူထုဖြန့်ဝေရန် ပျိုးပင်ပေါင်း ၃၀၀၀၀ ပျိုးထောင် ထားကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ