လှိုင်းဘွဲ ဇွန် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကမ္ဘာ့ကလေးများနေ့ ဝတ်ပြုဆုတောင်းပွဲတွင် Sanday School ကလေးငယ်များက ခရစ်ယာန်သမ္မာ ကျမ်းစာပိုဒ်ငယ်များကို ရွတ်ဆိုပြခြင်းနှင့် ဓမ္မတေးသီချင်းများကို သီဆိုဖျော်ဖြေပေးခဲ့ကြသည်။
ထို့နောက် ခရစ်ယာန်ဓမ္မပညာသင်ကျောင်းမှ တရားဟောဆရာက ကမ္ဘာ့ကလေးများနေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်းနှင့် ကလေးသူငယ်များ၏ လက်ဦးဆရာမှာ မိဘများဖြစ်ကြောင်း၊ မိဘများအနေဖြင့် သားသမီးများကို သွန်သင်ဆုံးမလမ်းပြရာတွင် စံပြုထိုက်သူများဖြစ်စေရန် နေထိုင်အသက် ရှင်တတ်ဖို့လိုအပ်ကြောင်း၊ ကလေးငယ်များမှာ နောင်တစ်ချိန်တွင် မိသားစုအတွက်၊ တိုင်းပြည်နှင့် လူမျိုးအတွက် အားထားရသော လူတော်၊ လူကောင်း၊ ခေါင်းဆောင်ကောင်းများဖြစ်လာကြစေရန် မိဘများကကြိုးစားအားထုတ်ကြရမည့်တာဝန်ရှိကြောင်း စသည့် တရားဒေသနာများကို ဟောကြားပေးခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ကလေးများနေ့ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်လာကြသော ကလေးငယ်များအား ပညာရေး၊ကျန်းမာရေးနှင့် ဌာနဆိုင်ရာခရစ်ယာန်မိသားစုများ၊ ကရင်နှစ်ခြင်းခရစ်ယာန် မိသားစုဝင်များကစုပေါင်း၍ အရုပ်များ၊ မုန့်များ၊ ကလေးဆောင်းထီး နှင့် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို လက်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)