စလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ၏ ပျက်စီးပျောက်ဆုံးသွားသော အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များအား အသစ်ပြန်လည်ပေးအပ်

စလင်း  ဇွန်  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်း(မိုခါ)ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေဘေးသင့်အိမ်ထောင်စုများ၏ ပျက်စီးပျောက်ဆုံးသွားသော အိမ်ထောင်စုဇယားများနှင့် မှတ်ပုံတင်များအား အသစ်ပြန်လည်ပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ဆင်ဖြူကျွန်းမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဦးစွာ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အမှာစကားပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေဝင်ရောက်မှု အများဆုံးဖြစ်ပွားခဲ့သည့် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့မှ ရေဘေးသင့် အိမ်ထောင်စု ၃၃၁ စု၏ ပျောက်ဆုံးပျက်စီးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများကို လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ ရေဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများကို မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြစေလိုကြောင်းနှင့် ရာသီမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်မှုအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကိုလည်း အထူးဂရုပြု လိုက်နာဆောင်ရွက် ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးတင်အေးက ရေဘေးသင့် ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းရမည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေး ပြောကြား သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးတင်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စလင်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေဘေးသင့်ခဲ့ရသည့် နွယ်တမယ်ကျေးရွာ၊ သရက်ချဉ်ကျေးရွာနှင့် ဆင်ဖြူကျွန်းမြို့ပေါ် (၃)ရပ်ကွက်တို့မှ အိမ်ထောင်စု(၃၃၁)စုအတွက် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၈၁)ခုအား ဒေသခံပြည်သူများ လက်ဝယ်အရောက် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား ဆောင်ရွက်ပေးရန် ကျန်ရှိသည့် အိမ်ထောင်စုများအတွက် နေ့စဉ် ကျေးရွာများအရောက် ကွင်းဆင်း၍ အခမဲ့ ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် ထံမှ သိရသည်။  

မောင်လွင် ( ပြန်/ဆက် )