စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ် ၉/၂၀၂၃ သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ မြဧရာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက “ပန်းတို့လန်းရာမြေ”  တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍအား မြှင့်တင်ရန် ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပြီး အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရရှိရေး၊ အနည်းဆုံးအလယ်တန်းဆင့် KG+9 ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့် အနာဂတ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းရေးသည် လက်ဦးဆရာများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပေါ်တွင် အဓိကမှုတည်ပါကြောင်း၊ အခြေခံပညာရည်မှန်းချက်များဖြစ်သည့် နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည့်အထိ သင်ယူတတ်မြောက်ရန်၊ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ရိုးရာဓလေ့များအား တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားကောင်းများဖြစ်လာစေရန်၊ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်ပြီး ဗလ ၅ တန်နှင့်ပြည့်စုံသူများ ဖြစ်လာစေရန်နှင့် ပြည်သူနီတိနှင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများအား လက်တွေ့ကျင့်သုံးတတ်ပြီး ဥပဒေအားလေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများဖြစ်လာစေရန် အစရှိသည့် ရည်မှန်းချက်များနှင့် မိမိ၏တပည့်သားငယ်၊ သမီးငယ်များအား လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်မှ ဆရာကြီး၊ ဆရာမကြီးများမှလည်း မိမိတို့၏တပည့်များအား ဆရာကောင်း၊ ဆရာတော်များဖြစ်အောင် သင်ကြားလေ့ကျင့်ပေးသွားကြရန်လိုအပ်ပါကြောင်း၊ ပညာပြည့်ဝနှလုံးလှသည့် ဆရာကောင်း၊ ဆရာတော်များအဖြစ် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးကဏ္ဍအား ခိုင်ခန့်မြင့်မားအောင် တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ရရှိထားသည့် သင်ယူမှုအခွင့်အလမ်းများအား စည်းကမ်းစနစ်ကျနစွာဖြင့် အပြည့်အဝရယူသင်ယူသွားကြရန် လိုအပ်ပ ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်းနှင့် သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ် ၁၂၁၅၀၀၀၀ (တစ်ရာနှစ်ဆယ်တစ်သိန်းငါးသောင်း) ကျပ်အား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သီဆိုကပြဖျော်ဖြေသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြတ်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စစ်ကိုင်းပညာရေးဒီဂရီကောလိပ်၊ အနုပညာဌာနမှ ဆရာ၊ ဆရာမများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကာ သင်တန်းသား၊ သင်တန်း သူများက “ ထာဝရမြန်မာ ” တေးသီဖြင့်ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်း သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။    

အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်သို့ ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ ၁၅၃ ဦး၊ ဒုတိယနှစ်(ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ ၂၄၇ ဦး၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်) သင်တန်းသား၊သင်တန်းသူ ၇ ဦး၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာသင်တန်း၊ သင်တန်းသား၊ သင်တန်းသူ ၇၉  ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၄၈၆ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။  

တိုင်းဒေသကြီး၊ ပြန်/ဆက်