ဟားခါး ဇွန် ၁၁
၂၀၂၃−၂၀၂၄ ပညာသင်နှစ် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းက ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်း (၁၇၆) ဦး၏ ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်နေသော ဝန်ထမ်း သား၊ သမီး (၉၇) ဦးတို့အား တဖက်တလမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရရန်ပုံငွေမှ ငွေကျပ် ၅၆၆၀၀၀၀ ချီးမြှင့်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ စေတနာကို တန်ဖိုးထား လိုက်နာရန်လိုအပ်ကြောင်း၊ ပညာတတ်မှ မိမိဘဝအတွက် လမ်းကြောင်းအမှန်ကို စဉ်စားချင့်ချိန် ရွေးချယ်ဆုံးဖြတ်နိုင်မည်ဖြစ်၍ ပညာရေးကို အစဉ်အလေးထား ဆည်းပူးကြရန်လိုကြောင်းနှင့် ယနေ့ကာလသည့် ပညာခေတ်ဖြစ်သည့်အတွက် ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားသင်ကြား လေ့လာကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ဝန်ထမ်းသား၊သမီးများ ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ဆက်လက်ကျင်းပရာ တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူ များအတွက် ထောက်ပံ့ငွေကျပ် ၄၈၀၀၀၀ ကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်းက ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား မငွန်ကျင်တီလ်က လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် ၁၄၇၀၀၀၀ ကို ညွှန်ကြားရေးမှူးဦးထွန်းသိန်းကပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား မဗန်ဒေါ့သ်ပါရ်က လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် ၁၂၆၀၀၀၀ ကို ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်ကပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား မောင်ဘွေထာထန်းက လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် ၂၄၅၀၀၀၀ ကိုဒုတိယညွှန်ကြားရေးမှူး ဦးသီဟံစိုးနှင့် ဦးအောင်ကြည်တိုးတို့ကပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား မောင်မင်းအောင်ကျော်နှင့် မငွန်ထနှဲမ်းတို့ကလည်းကောင်း လက်ခံရယူ ကြသည်။
ယနေ့ကျင်းပသည့် ပညာသင်ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားတွင် မူလတန်းအဆင့် ကျောင်းသားတစ်သားတစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှုန်း၊ အလယ်တန်းအဆင့် ကျောင်းသားတစ်ဦး လျှင် ကျပ် ၆၀၀၀၀ နှုန်း ၊ အထက်တန်းအဆင့် ကျောင်းသားတစ်ဦးလျှင် ကျပ် ၇၀၀၀၀ နှုန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသားတစ်ဦးလျှင် ကျပ် ၈၀၀၀၀ နှုန်းတို့ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း သား၊ သမီး မူလတန်းအဆင့် (၄၉) ဦး ၊ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် (၂၁) ဦးစီနှင့် တက္ကသိုလ်အဆင့် (၆) ဦး စုစုပေါင်း (၉၇) ဦးက ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)