သာပေါင်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ရေသယံဇာတ၊ငါးသယံဇာတ ရေရှည်ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့တွင်လည်း ငဝန်မြစ်မနှင့် ချောင်းများတစ်လျှောက် ကွင်းဆင်းကြီးကြပ် စစ်ဆေးလျက်ရှိသည်။
သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အတွင်း ရေသယံဇာတ၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေး၊တရားဥပဒေစိုးမိုးရေးနှင့်ရေလုပ်သားများဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇွန်လ ၈ ရက်နေ့မှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူးဦးစောမင်းပိုင်ဦးဆောင်၍ မြို့မရဲစခန်း၊ရဲတပ်ကြပ်ထက်ကိုကိုဦးနှင့်ရဲတပ်သားများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် နယ်မြေအင်းသားများ အဖွဲ့တို့ ပူးပေါင်းလှည့်လည်စစ်ဆေးကြရာ လျှပ်စစ်ကျဉ်စက်ဖြင့်ငါးဖမ်းလုပ်ကိုင်နေကြသူ (၁၁) ဦးအား စစ်ဆေးတွေ့ရှိခဲ့ရပြီး စစ်ဆေးတွေ့ရှိသူများအား ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
မျိုးဇော်သိန်း