ငပုတော ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များလျော့ပါးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာ စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများခံစားရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အရှေ့ပိုင်းရပ်ကွက် ကြက်လည်ဆစ်ဘုရားတောင်ခြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစိုးတင့်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သစ်ပင်များကို သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း အင်အား(၁၅၈) ဦးခန့်က မန်ဂျန်ရှား(၁၀၀)ပင်၊ ခရေ(၁၅၀)ပင်၊ မဟော်ဂနီ (၁၅၀) ပင်၊ ပျဥ်းကတိုး (၁၀၀)ပင်၊ စုစုပေါင်း ပျိုးပင်(၅၀၀)ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း၊ ငပုတောမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်နှင့် သစ်ပင်စိုက်ပျိုးလိုအပ်သော ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များအား အခမဲ့ဖြန့်ဝေပေးရန်နှင့် သစ်ပင်စိုက်ကွင်းများ၊ သစ်တောကြိုးဝိုင်းများတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်များပျိုးထောင်ထားရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
အောင်သူ(ပြန်/ဆက်)