မကွေး ဇွန် ၁၁
ကွန်ပျူတာတက္ကသိုလ်(မကွေး)၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် (၁၆၀) ဦးဆံ့ ကျောင်းသူအိပ်ဆောင်သစ်နှင့် သုံးထပ်စာသင်ဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၉ ရက်နေ့ ညနေပိုင်းက အဆိုပါ တက္ကသိုလ်အဆောင်သစ်များရှေ့၌ ကျင်းပရာ အခမ် းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ကွန်ပျူတာတက္ကသိုလ် (မကွေး)မှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ကျောင်းသား၊ ကျောင်းသူ များ၊ ဆောက်လုပ်ရေးကုမ္ပဏီ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယ ပါမောက္ခ ချုပ် ဒေါက်တာစိုးလင်းအောင်တို့က (၁၆၀)ဦးဆံ့ ကျောင်းသူ အိပ်ဆောင်သစ်နှင့် သုံးထပ်စာသင်ဆောင်သစ်တို့အား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆောင်သစ်ဆိုင်းဘုတ်များအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ (၁၆၀)ဦးဆံ့ ကျောင်းသူအိပ်ဆောင်သစ်နှင့် သုံးထပ်စာသင်ဆောင်သစ်တို့အား တာဝန်ရှိ သူများနှင့်အတူ လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) အစည်းအဝေးခန်းမ၌ ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင့်လွင်က နိုင်ငံတော်အနေဖြင့် မကွေးတိုင်း ဒေသကြီးအတွင်းမှာ နေထိုင်ကြတဲ့ လူငယ်များအနေနဲ့ အဆင့်မြင့် ပညာရပ်များ လွယ်လွယ်ကူကူ သင်ယူနိုင်ဖို့ တက္ကသိုလ်များဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး၊ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်ကုန် ငွေကုန်သက်သာပြီး တက္ကသိုလ်ရဲ့အရိပ်အာဝါသအောက်မှာ မိမိတို့ရဲ့သူငယ်ချင်းများ အတန်းကြီး အစ်ကို အစ်မများ၊အတန်းငယ် ညီငယ်၊ညီမငယ်များနဲ့ အတူတကွနေထိုင်ရင်း အေးချမ်းစွာပညာသင်ယူနိုင်ကြဖို့ ယခုလိုမျိုး အိပ်ဆောင်များ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါ ကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်များအတိုင်း လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကျောင်းသား လူငယ်များအားလုံး အေးချမ်းစွာပညာ သင်ယူနိုင်ရေးနဲ့ ပညာရည်မြင့်မားရေးအတွက် အဖက်ဖက်ကနေ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်ဟာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာခေတ်မှာ နိုင်ငံတော်အတွက် အဓိကအားထားရမယ့် ကွန်ပျူတာပညာရှင်များကို မွေးထုတ်ပေးနေကြတာဖြစ်တဲ့ အတွက် ဆရာ၊ ဆရာမများအနေနဲ့လည်း မိမိတို့ရဲ့ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတာဝန် များကို အောင်မြင်ပေါက်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုသလို တစ်ဖက်ကလည်း နေစဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေတဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာ များကိုလည်း မျက်ခြေမပြတ် အမြဲလေ့လာဆည်းပူးနေကြဖို့ လိုပါကြောင်း၊ ကျောင်း သား၊ကျောင်းသူများ အနေနဲ့လည်း နိုင်ငံတော်က ဆောက်လုပ်ပေးခဲ့တဲ့ အိမ်ဆောင်တွေ၊ စာသင် ဆောင်တွေကို အကျိုးရှိရှိ၊ စည်းကမ်းတကျ နေထိုင်သုံးစွဲကြဖို့ လိုသလို မိမိတို့ရဲ့ နောင်လာနောက်သားတွေ လက်ထက်အထိပါ သန့်သန့်ရှင်းရှင်းနဲ့ ရေရှည်သုံးစွဲနိုင်အောင် အဖက်ဖက်ကနေ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်ကတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မကွေးအောင်မင်း ဆောက် လုပ်ရေးကုမ္ပဏီနှင့် အောင်အောင်သော် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ်ထံ လွှဲပြောင်းပေးအပ်ကာ၊ ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မောင်ညီညာ