ကန်ကြီးထောင့် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တစ်ဧကလျှင်(၁၀)တင်းနှုန်း တိုးတက်ရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သည့် ထုံးထည့်သွင်းခြင်းအခမ်းအနားကို ကျုံပဒုတ်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါထုံးထည့်သွင်းခြင်းအခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းစိုးနှင့် ခရိုင်စိုက်ပျိုးတိုးတက်မှုမြှင့်မားရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်စိုး နှင့် ဌာနဆိုင်ရာများက တောင်သူများထံသို့ ထုံးအိတ်များဖြန့်ဝေပေးအပ်ခဲ့ပြီး ကျုံပဒုတ်ကျေးရွာ၊ ကွင်းအမှတ်၊ ၁၅၄ B ၊ ဦးပိုင် ၃၃/၅ ရှိ တောင်သူ ဦးအောင်ကိုလင်း၏ လယ်မြေ (၅)ဧက အတွင်း (၁)ဧကလျှင် ထုံးပိဿာ(၁၀၀)နှုန်းဖြင့် ထုံးဖြန့်ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ လယ်ဧကများတွင်ထုံးထည့်သွင်းခြင်းဖြင့် အပင်ကိုအဆိပ်အတောက်ဖြစ်စေသော သံ၊ အလူမီနီယမ်နှင့် မဂ္ဂနီး(စ်)စသော သတ္တုဓာတ်များ လျော့နည်းစေခြင်း၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိအခြေအနေကို တိုးတက်ဖြစ်ပေါ်စေခြင်း၊ မြေဆီလွှာရှိ အဏုဇီဝသက်ရှိများ၏ လှုပ်ရှားဆောင်ရွက်မှုကို နှိုးဆွပေးခြင်း၊ မြေဆီလွှာရှိမြေမှုန်များ၏ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား တိုးတက်စေခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်များရရှိမှုမြင့်မားလာစေခြင်း၊ သဟဇီဝ ဖြစ်စေသော ပဲမြစ်ဖုဘက်တီးရီးယားများ၏ ဆောင်ရွက်မှုစွမ်းအင်တိုးတက်လာခြင်း၊ ဖော့စ်ဖရပ် ဓာတ်ကိုပို၍ စုပ်ယူနိုင်ပြီး ပိုတက်စီယမ်ဆုံးရှုံးမှု လျော့နည်းလာသည့်အပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ် ဓာတ်များရရှိလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
မဇင်(ပြန်/ဆက်)