ဟင်္သာတ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများအား တောင်သူများသို့ ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များ၌မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း တိုးတက်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများသို့ မျိုးစပါး၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ မှိုသတ် ဆေးများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် နတ်မော်လမ်းရှိ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေများ ထုတ်ပေးရခြင်းအကြောင်းအရင်းနှင့် မိုးစပါး(၁)ဧက (၁၀) တင်းနှုန်း တိုးမြှင့်ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပြီး နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့်မျိုးစပါးနှင့် သွင်းအားစုများအား ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေး မျက်နှာမြို့နယ်များမှ တောင်သူများကိုယ်စား တောင်သူ ကိုယ်စားလှယ်များအား ပေးအပ်ခဲ့ပြီး ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိုင်ငံ့ စီးပွားရန်ပုံငွေမတည်ငွေများအား မြို့နယ်နိုင်ငံ့စီးပွါးမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံသို့လွဲပြောင်းပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ အစီအစဉ်အရ မိုးဝဠာ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကောင်းမြတ်ဇော်မှ မျိုးစေ့ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့်တောင်သူများမှ သိရှိ လိုသည်များကို ဆွေးနွေးတင်ပြမေးမြန်းခဲ့ကြပြီး ဟင်္သာတ မြို့နယ်၊ ဓမ္ဘီကျေးရွာမှ တောင်သူ ဦးခင်မောင်မြင့်မှ တောင်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဧရာဝတီ တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစ်ိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်များမှ ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၁၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)