ပွင့်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဌာနရှိ အမြဲတမ်းဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေများ ပေးအပ်ရာတွင် ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပညာသင်စရိတ်ထောက်ပံ့ကြေးငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူများ ကိုယ်စား ကျောင်းသားမိဘ(ဝန်ထမ်း) တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဌာနရှိ အမြဲတမ်းဝန်ထမ်းများ၏ သားသမီး ၁၅ ဦးအား မူလတန်းအဆင့် ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၀၀၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် ၂၅၀၀၀၊ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းစီဖြင့် ကျောင်းသားကျောင်းသူများထံ ထောက်ပံကြေးငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ပညာဆည်းပူးလေ့လာသင်ကြားရာတွင် လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားသင်ယူကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နှစ်စဉ် ကျောင်းဖွင့်ရာသီချိန်၌ ဌာနရှိ အမြဲတမ်းဝန်ထမ်းများ၏ ကျောင်းနေအရွယ်သားသမီးများကို အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာသင် ထောက်ပံ့ ကြေးငွေများကို ကူညီထောက်ပံ့ပေးလျက်ရှိပြီး ဌာနတွင်းရှိ ဝန်ထမ်းများကိုလည်း စားသောက်ရေး အဆင်ပြေ စေရန်အတွက် အခါအားလျော်စွာ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်ဥ စသည့် အခြေခံစားကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)