ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း (၂၁) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ၊  မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ဟင်္သာတ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် (၂၁) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ညနေပိုင်းက ပန်းဘဲတန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သူနာပြုသင်တန်းသားများအား ဂျူတီကုတ်များကို ဖလောရင့်နိုက်တင်ဂေးဆုရှင် ဝဏ္ဏကျော်ထင်စနိုင်နိုင်ထွန်းမှလည်းကောင်း၊ သင်တန်းသူများအား ဦးဆောင်းများကို သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်နှင့် ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ်ဒေါ်ဝေဝေနှင့် ဒေါ်စုစုလှိုင်တို့မှလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ဦးဆောင်၍ သင်တန်းသား/သူများမှ ဆီမီးထွန်းညှိခြင်းနှင့် သူနာပြုအဓိဋ္ဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိဆုရရှိသည့် ပထမနှစ်စီနီယာတန်းမှ သင်တန်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေ (၆)သိန်းကျပ်အား သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများမှ မောင်မယ်သစ်လွင်ကြိုဆိုပွဲအစီအစဥ် ၊ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဇော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ၊ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)