ကန့်ဘလူ ဇွန် ၁၁
စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်း၏ ပထမတန်းစားစိတ်ဓာတ်စာအုပ်မှ “အဆင့်မြင့်လူဖြစ်ဖို့” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
၎င်းနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အရိုင်းစိတ်ဆိုသည် လူတိုင်းလူတိုင်းတွင် မွေးကတည်းက ပါလာကြောင်း၊ လူရဲ့ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်မှုစိတ်ကြောင့်သာ စိတ်မိုက်စိတ်ရိုင်းများ ငုပ်လျှိုးနေခြင်းဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်မှု ကင်းလွတ်သွားသည်နှင့်တစ်ပြိုင်နက် အရိုင်းစိတ်များ ဝင်ရောက်လာလေ့ရှိကြောင်း၊ ဖြစ်ပေါ်လာသည့်အာရုံခံစားမှုအတိုင်း တုံ့ပြန်သည့်စိတ်သည် လူတိုင်းတွင် ရှိကြောင်း၊ ဆင်ခြင်တုံတရားနှင့်စဥ်းစားပြီး လုပ်သင့်သည်ကို လုပ်ရမည်ဖြစ်ကြောင်း၊ မွေးရာပါဗီဇစိတ်ဖြစ်သည့် စိတ်မိုက်စိတ်ရိုင်းများကို ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်ရမည်ဖြစ်ပြီး အဆင့်မြင့်လူသားမျိုးသည် လိမ္မာရုံ၊ ယဥ်ကျေးရုံသာမက သူတစ်ပါးအကျိုးအတွက် ကိုယ့်အသက်၊ ကိုယ့်ဘဝကိုတောင် စွန့်နိုင်သည့် စိတ်ဓာတ်ရှိသူတွေဖြစ်ကြောင်း တို့ကို အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)