စည်ပင်သာယာရေးဝန်ထမ်းငယ်များအား ထောက်ပံ့ငွေနှင့်စားရိက္ခာများ ထောက်ပံ့

ဘားအံ အောက်တိုဘာ ၈

Covid-19 ရောဂါကာလအတွင်း အသုံးပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ နေ့စားဝန်ထမ်းများနှင့် သန့်ရှင်းရေး လုပ်သားများအား စားရိက္ခာ(၅)မျိုးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက ဘားအံမြို့ ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေး မှူး သူရဦးမြင့်သူက ထောက်ပံ့ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ညွှန်ကြား ရေးမှူး သူရဦးမြင့်သူ၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်၊ ဘားအံမြို့နယ် စည်ပင်သာယာ ရေးကော်မတီဉက္ကဋ္ဌ ဦးတင်မောင်လွင်နှင့် တာဝန်ရှိသူများက ဝန်ထမ်း (၂၀၀) ဦး အတွက် တစ်ဦးလျှင် ငွေကျပ်တစ်သောင်းခွဲဖိုးရှိ ဆန်၊ဆီ၊ကြက်သွန်၊ ကုလားပဲ၊ ငါးသတ္တာနှင့် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ကျပ်စီ စုစုပေါင်း သိန်း (၄၀) ဖိုးကို ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)