ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း  ဇွန် ၁၁

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၅ ဦး ၊ အမျိုးသမီး ၄၈ ဦး၊ စုစုပေါင်း ၁၇၃ ဦးအား ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှလွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးမှုများ အထူးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များကိုပြောကြားပြီး ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများပါဝင်လာခြင်း ရှိ/မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးကာလက်ခံခဲ့သည်။

အဆိုပါပြန်လည်ဝင်ရောက်လာသူများကို ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ရောဂါပိုးတွေ့ရှိသူများအား ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသည့်သူများအား မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)