ပွင့်ဖြူမြို့၌ မြို့ပြသာယာစိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီ အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

ပွင့်ဖြူ  ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသာယာစိမ်းလန်းစိုပြည်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့တွင်း ရပ်ကွက်လမ်းများတစ်လျှောက် မိုးရာသီအရိပ်ရပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့ပြသာယာစိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး ပွင့်ဖြူမြို့တွင်းရှိ ဒေလီယာလမ်းဘေး (ဝဲ၊ ယာ)တွင် ခရေ၊ စိန်ပန်း၊ တမာ၊ ရေတမာ စသည့် အရိပ်ရပျိုးပင် ၆၇ ပင် ကိုလည်းကောင်း၊ ကံ့ကော်လမ်းဘေး (ဝဲ၊ယာ)၌ ခရေ၊ ရေတမာ ၆၆ ပင်ကို လည်းကောင်း၊ စုစုပေါင်း အရိပ်ရပျိုးပင် ၁၃၃ ပင်အား စနစ်တကျ စုပေါင်း စိုက်ပျိုးခဲ့ ကြကြောင်း သိရ သည်။ ထို့အပြင် ပွင့်ဖြူမြို့သုဿန်ဝန်းအတွင်း တမာပျိုးပင် ၂၂ ပင်ကိုလည်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် သွားရောက်စိုက်ပျိုးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင် အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြသန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် နှစ်စဉ် မိုးရာသီကာလများ၌ အရိပ်ရပျိုးပင်များကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ထိုသို့ အရိပ်ရပျိုးပင်များ စိုက်ပျိုးနိုင်ရေးအတွက် ပွင့်ဖြူမြို့ ပွင့်မာလာပန်းခြံအတွင်းရှိ ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပင်များနှင့် အရိပ်ရပျိုးပင်များကို ကြိုတင်ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)