မြောင်းမြ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယမန်နေ့ည ၇ နာရီအချိန်က ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ ဟောကြားမည့် အထူးတရားပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တရားပွဲကို မြောင်းမြမြို့ စကြာသီဟ စကြာနန္ဒဘုရားဝန်းအတွင်းရှိ ထွန်းညွန့်ရတနာစံကျောင်းဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ (ဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ ဓမ္မာစရိယ၊ ဝိနယဝိဒူပရိယတ္တိသာသနဟိတရဂုဏဝိသိဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ) Ph.D (Buddhism India)က ကံကောင်းချင်ရင် ကံကိုပြင် တရားတော်ကို ဟောကြားသည်။ တရားပွဲကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ဦးစီးဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်း တရားနာပရိတ်သတ် ၁၆၀၀ ခန့်က ဆရာတော်ကြီး၏ တရားတော်များနာယူပြီးနောက် အလှူရှင်များနှင့် တရားနာပရိသတ်များက စုစုပေါင်းအလှူငွေ (၇၁၀၈၀၀၀)ကျပ်အား စုပေါင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာတော်မှ တရားနာကြွရောက်လာသော တရားနာပရိတ်သတ်များအား ဘုရား အဆူ၂၀ မဲဖောက် ပေးခဲ့ပြီး တရားပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(မြောင်းမြ)