မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများကို မျိုးစပါးနှင့်သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကျင်းပ

အင်္ဂပူ  ဇွန်  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့်တောင်သူများကို မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးလှိုင်မှ ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးရေး (၁)ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိ‌ရေးဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှလမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မျိုးစပါးနှင့်သွင်းအားစုများအားပေးအပ်ရာ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့်အင်္ဂပူမြို့နယ်မှ တောင်သူများကိုယ်စား တောင်သူ(၂)ဦးက လက်ခံရယူခဲ့ သည်။‌ ထို့နောက်မြန်အောင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ‌နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကိုလွှဲပြောင်း ပေးအပ်ရာ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ကြံခင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက တို့မှလက်ခံရယူခဲ့သည်။

ထို့နောက်တက်ရောက်လာသော မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်များမှ တောင်သူများက မိုးစပါး၊မိုးနေကြာ စိုက်ပျိုး  မည့်အခြေအနေများ၊ မွေးမြူရေးလုပ်ဆောင်ထားမှု နှင့်လိုအပ်ချက်များကိုတင်ပြခဲ့ပြီး အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာမှ တောင်သူ ဦးသာလင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ယင်းနောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တင်ပြချက်များအား‌ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်‌အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်(၃)မြို့နယ်မှ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)