ဘားအံ ဇွန် ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်သည့်အခမ်းအနားကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဖူဆယ်အသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲအားကြီးကြပ်ကူညီပေးပါသော ဒိုင်အဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေအပ်ချီးမြှင့်ပြီး ပြည် နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးဦးကျော်စိုးက တတိယဆုရ မြဝတီမြို့နယ်ဖူဆယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကို လည်း ကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဒုတိယဆုရ ကြာအင်းဆိပ်ကြီးမြို့နယ် ဖူဆယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကိုလည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်ဖူဆယ်အသင်းအား တစ်ဦးချင်း လည်ဆွဲ ဆုများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က အကောင်းဆုံးဂိုးသမားဆု၊ သယံဇာတ ရေးရာဝန်ကြီးဦးဇော်ဝင်းက ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံးဆု၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အား ကစားသမားဆုရရှိကြသူများကို လည်းကောင်း ငွေသားဆုနှင့်ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က တတိယဆုရရှိသော မြဝတီမြို့နယ် ဖူဆယ်အသင်းအား ငွေသားဆုနှင့်ဆုဖလားတို့ကိုလည်းကောင်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဒုတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်ဖူဆယ်အသင်းအား ငွေသားဆုနှင့် ဆုဖလားတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ် ဖူဆယ်အသင်းအား ငွေသားဆု ၁၀ သိန်းနှင့် ပထမဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး(၁၀)နှစ် စီမံကိန်းအရ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လာပြီး သစ်တောသစ်ပင်များကို ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်စားစွာဖြင့် စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းစောင့်ရှောက်လာစေရန် ရည်ရွယ်၍ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ အမှတ်(၂)ဘိလပ်မြေစက်ရုံတန် (၄၀၀၀)၌ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို လူထုလှုပ်ရှားမှုအသွင် ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပွဲတော်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မျက်မှောက်ကာလသည် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဆိုးကျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် မျက်မြင်တွေ့ကြုံခံစားနေရသည့် အချိန်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့်ပြန်လည်ကုစားရန်အတွက် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများထိန်းသိမ်းကာကွယ်ခြင်းပင် ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ဟန်ပြမဟုတ်ဘဲ စံပြစိုက်ပျိုးပြသရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်(၄၀၀၀) စက်ရုံမှူးကြီးအား သစ်ပင်များဖြန့်ဝေပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များ၊ တန်(၄၀၀၀) စက်ရုံမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ၆၀၀ ဦးခန့်သည် မဟော်ဂနီ၊ ကျွန်း၊ စိန်းပန်းနီ စုစုပေါင်း ၇၈၁ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ယခုနှစ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲ(၂)ကြိမ်ဖြင့် အပင်ပေါင်း ၆၂၈ ပင်၊ မိုးရာသီသစ်ပင် စိုက်ပွဲအနေဖြင့် ကမမောင်းမြို့နှင့် လှိုင်းဘွဲမြို့တို့တွင် အပင်ပေါင်း ၆၄၀ ပင်၊ ယနေ့ စိုက်ပျိုးသော အပင်ပေါင်း ၇၈၁ ပင် စုစုပေါင်း ၂၀၄၉ ပင်ကို လူထုလှုပ်ရှားမှုအသွင် စိုက်ပျိုးပြီးစီးခဲ့ပြီး လမ်းဘေး ဝဲယာစိုက်ပျိုးခြင်း၊ ဌာနဆိုင်ရာစိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်း အဖြစ်စိုက်ပျိုးခြင်း၊ တပ်ရင်းတပ်ဖွဲ့နှင့်ပြည်သူလူထုသို့ဖြန့်ဝေစိုက်ပျိုးခြင်း နည်းလမ်းများဖြင့် ယခုနှစ်မိုးရာသီတွင် ကရင် ပြည်နယ်အတွင်း အပင်ပေါင်း ၃၇၅၀၀၀(သုံးသိန်းခုနှစ်သောင်းငါးထောင်)ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)