မကွေး ဇွန် ၁၁
မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်ရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ အသင်းအဖွဲ့များနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်အနေနဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား များကို မိုးကြိုကာလ၊ မိုးဦးကာလများတွင် ကျင်းပဆောင်ရွက်ပေးနေခြင်းဟာ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေးတို့အတွက် ပြည်သူလုထုက ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါကြောင်း၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်တဲ့အတွက် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ လူထုပူးပေါင်း ပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့၊ စိမ်းလန်းစိုပြည်သာယာဖို့၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်ဖို့၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တုန့်ပြန်ဆောင်ရွက်ဖို့ Green Campaign များ ဆောင်ရွက်နေသကဲ့သို့ ပါကစ္စတန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစတဲ့ ဒေသတွင်း နိုင်ငံများမှာ အစီအစဉ်အမျိုးမျိုးနဲ့ Green Campaign များ မြှင့်တင်ဆောင်ရွက်နေတာကို လေ့လာတွေ့ရှိရပါကြောင်း၊ ကမ္ဘာကြီးပူးနွေးလာမှုရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဟာ ၂၁ ရာစုနှစ်အစပိုင်းက စတင်ပြီး သိသာထင်ရှားလာခဲ့ပါတယ်။ ကမ္ဘာ့အပူချိန်သည် ယခုရာစု နှစ်ကုန်မှာ ၂.၄ မှ ၃.၅ ဒီဂရီစင်တီဂရိတ်ခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားရှိရာ အပူချိန် မြင့်တက်မှု၏ အကျိုးဆက်အဖြစ် ပင်လယ်နှင့် သမုဒ္ဒရာရေပြင်သည် ပိုမိုမြင့်တက်လာမည်ဖြစ်ရာ ကမ်းရိုးတန်းဒေသနေ လူသန်းပေါင်းများစွာအတွက် ခြိမ်းခြောက်မှု ဖြစ်ပေါ်လျက်ရှိတဲ့အပြင် အချို့ကျွန်းနိုင်ငံများ ပျောက်ကွယ်သွားတဲ့အထိ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း ခန့်မှန်းထားတဲ့အတွက် ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ရာစုနှစ်အစီအမံများကို ထိထိရောက်ရောက် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အရေးကြီးလာကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ကြုံတွေ့လာရတဲ့ သဘာဝဘေး အန္တရာယ်များကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၈ ခုနှစ်၊ မေလမှာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြင် ၂၀၂၃ ခုနှစ်၊ မေလမှာ ရခိုင်ပြည်နယ်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းနဲ့ ဧပြီလမှာ နေပြည်တော်တိုင်းဒေသကြီး လယ်ဝေးမြို့နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေဆင်နှာမောင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ကြရပြီး နိုင်ငံတော်အနေနဲ့လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားစိုက်ဆောင်ရွက်ခဲ့ရတာကို အားလုံးပဲ သိရှိကြပြီး ဖြစ်ပါကြောင်း၊ မုန်တိုင်းများ၏ လေပြင်း တိုက်ခတ်မှုနဲ့ ပင်လယ်ဒီရေလှိုင်းများ မြှင့်တက်မှုကို ဒီရေတောများနဲ့ သစ်တောများက ထိထိ ရောက်ရောက် ကာကွယ်ပေးလို့ ဒေသခံများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း လက်တွေ့ သိမြင်ခဲ့ရတဲ့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးရေး၊ ကာကွယ်ထိန်းသိမ်းရေးနဲ့ ပြန်လည်စိုက်ပျိုး ထူထောင်ရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း သင်ခန်းစာရရှိခဲ့ပါကြောင်း၊ သုတေသန လေ့လာ ချက်များအရ သစ်ပင်တစ်ပင်ဟာ တစ်နှစ်မှာ လေထုထဲက ကာဗွန်ဒိုင် အောက်ဆိုဒ် ၁၀ ကီလိုဂရမ်ကို စုတ်ယူနိုင်ပြီး အောက်ဆီဂျင် ၂၆၀ ပေါင် ထုတ်လုပ် ပေးနေတဲ့အတွက် သစ်ပင်ကြီးတစ်ပင်ဟာ လူသား(၂)ဦးအတွက် အသက်ရှင်သန်ဖို့ တစ်နှစ်တာလိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို ထုတ်လုပ်ပေးနေခြင်းဖြစ်တယ်လို့ လေ့လာသိရှိရပါကြောင်း၊ ဒါ့ကြောင့် သစ်တော သစ်ပင် ထိန်းသိမ်းခြင်းဟာ လူမှုစီးပွား ဖွံ့ဖြိုးရေးနဲ့ လူသားတို့ အသက်ရှင်သန်ဖို့အတွက် အဓိက အထောက်အကူပြုလျက်ရှိသလို သစ်တောသစ်ပင်တွေဟာ သယံဇာတများ တိုးပွားရေး၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါတဲ့ ဂေဟစနစ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု လျှော့ချရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ စာနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ နိုင်ငံအဝှမ်း အမျိုးအစားစုံလင်သော သစ်တောဂေဟ စနစ်များထိန်းသိမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ နိုင်ငံတကာ သဘောတူညီချက်များမှာ ပါဝင်ဆောင်ရွက်ခြင်းတို့ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗန်ရှင်းနှင့် ပါရီသဘောတူညီချက် အဖွဲ့ဝင် နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions - NDC) အစီရင်ခံစာပါ ရည်မှန်းချက်အရ သစ်တော ကဏ္ဍအနေဖြင့် ၂၀၃၀ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းအား ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းခြင်းနှင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအား သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်း တည်ထောင်ခြင်းဖြင့် ကာဗွန် ထုတ်လွှတ်မှုလျှော့ချ၍ ကာဗွန်သိုလှောင်မှု မြှင့်တင်ရေး ကတိကဝတ် ပြုထားတဲ့အပေါ် ရည်မှန်းချက် ပြည့်မှီအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီး အတွင်း ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော (၅)ခု (၂၁၈၆၁) ဧက ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး သစ်တောနယ်မြေ ဧရိယာသည် တိုင်းဒေသကြီး စုစုပေါင်းဧရိယာရဲ့ (၂၆.၂၁)% ရှိတဲ့အတွက် ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် (ဝ.၂၀%) တိုးတက်လာတာကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံရဲ့ သစ်တောသယံဇာတများ ရေရှည် ထိန်းသိမ်းရေးအတွက် အမျိုးသားရည်မှန်းချက် ပန်းတိုင်များ ပြည်မီစွာ ဖော်ဆောင်နိုင်ရန် “ရေ၊ မြေ၊ တောရိုင်း တိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝဝန်းကျင်ကို ကာကွယ်ခြင်း၊ ထာဝစဉ် တည်တံ့စေခြင်း၊ အခြေခံ စားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း၊ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေခြင်းနဲ့ ပြည်သူအတွင်း နိုးကြားတက်ကြွသည့် အသိရှင်သန်စေခြင်း” ဆိုတဲ့ သစ်တောမူဝါဒပါ ပဓာနကျတဲ့ အချက် (၆)ချက်ကို ဖော်ထုတ်ပြီး သစ်တောများ သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ဖို့ စနစ်တကျ စီမံအုပ်ချုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု လျှော့ချရေး၊ သဘာဝဘေး ကာကွယ်ရေးစတဲ့ ကိစ္စရပ်များအတွက် အလွန်အရေးပါပြီး ပြည်သူ များရဲ့ အသက်အိုးအိမ် စည်းစိမ်နှင့် အခြေခံစားဝတ်နေရေး လိုအပ်ချက် များကို ပံ့ပိုးပေးပြီး လူမှုစီးပွားဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိတဲ့ နိုင်ငံသစ်တောသယံဇာတများကို ရှေးလူကြီးသူမများ ဆုံးမဆိုရိုးထားရှိ သကဲ့သို့ “ဥတုရာသီ တောကိုမှီ၊ တောတောင်ရှိမှ စမ်းရေရ၊ တောတောင် ပျက်ပြုန်း မြေဆီသုဉ်း၊ တောတောင်ခြောက်ခမ်း လယ်ယာနွမ်း” ဆိုတဲ့ သစ်တော ပြုန်းတီးခြင်းဆိုင်ရာ နောက်ဆက် တွဲဆိုးကျိုးများကို အလေးထား ဂရုပြုပြီး နိုင်ငံရဲ့ကြွယ်ဝတဲ့ သစ်တောသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲများနဲ့ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ပြီး နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် စနစ်တကျ အကျိုးရှိရှိ အသုံးပြုနိုင်အောင် အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ထိန်းသိမ်းကာကွယ် ပြုစုထူထောင်သွားကြဖို့နဲ့ “သစ်ပင်စိုက်ပျိုးပွဲတော်များကို နိုင်ငံအနှံ့ ကျင်းပပြီး စိမ်းလန်း သာယာသည့် နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရ ဂုဏ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြဖို့” တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး၊ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်နယ်မှူး၊ သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကတို့က အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မကွေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများသို့ ပျိုးပင်များပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဖွဲ့ဝင်များ၊ တပ်နယ်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ခရေ၊ သစ်နှင်းဆီ၊ ရေတမာ၊ စန္ဒကူး၊ ပိတောက်၊ ဆီသပြေ၊ မယ်ဇယ်၊ ကျွန်း၊ ငုစပ်၊ ငုရွှေဝါ၊ ငုချယ်ရီ၊ ပျဉ်းကတိုး၊ စွယ်တော်၊ ထိုင်ဝမ်ဗန်ဒါ၊ ထိုင်ဝမ်ခရေ၊ ဖျောက်ဆိပ်၊ ကသစ်၊ သရက်၊ ပန်းမယ်ဇလီ၊ ကုက္ကိုလ်၊ စိန်တံခြူ၊ ထန်း၊ ယင်းမာ၊ ဇီး၊ တမာ၊ ဇီးဖြူ၊ ယူကလစ်၊ ပန်းတမာပင်များစသည့် သစ်မျိုး (၃၀)မျိုး၊ စုစုပေါင်းပျိုးပင် (၁၀၀၀) ကို စိုက်ပျိုးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ ရာသီဥတု ပြောင်းလဲမှုများကို လျော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြည်လည် ကောင်းမွန်လာစေရေး အတွက် ၂၀၂၃ ခုနှစ် မိုးရာသီမှာ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် (၃၂)ကြိမ်ကျင်းပ၍ အပင်အရေအတွက် (၁၀,၈၉၅)ပင်၊ နိုင်ငံပိုင် သစ်တောစိုက်ခင်း၊ တမာစိုက်ခင်း၊ ဝါးစိုက်ခင်း၊ တစ်အုပ်တစ်မစိုက်ခင်းများမှ စိုက်ပျိုးပင်ပေါင်း (၂,၉၈၂,၃၀၉)ပင် စုစုပေါင်း(၂,၉၉၃,၂၀၄)ပင် (နှစ်သန်း ကိုးသိန်းကိုးသောင်းသုံးထောင့် နှစ်ရာ့လေးပင်) စိုက်ပျိုးသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိ (၁,၃၄၆,၉၄၂)ပင် (တစ်ဆယ့်သုံးသိန်း လေးသောင်းကျော်) စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် (၁,၆၄၆,၂၆၂)ပင် (တစ်ဆယ့်ခြောက်သိန်း လေးသောင်းကျော်)ကို ဇွန်လကုန်မှာ အပြီးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ညီညာ