ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၌ ပြုလုပ်

လွိုင်ကော် ဇွန်   ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့်အဖွဲ့က ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)နှင့် အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများအားလုံး သန့်ရှင်းသာယာ လှပရေး၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စာသင်ခန်းများနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိနိုင်ရေးတို့အတွက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက သက်ဆိုင်သည့်ဌာနများ၊ ကျောင်း အကျိုး တော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်၊ ဆရာ၊ ဆရာမများက ဘက်စုံပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာ ကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ ဥတ္တရာရုံ တံတားနှင့် ကျောက်ပြားတံတားသို့ သွားရောက်၍ မြို့တွင်းရေပေးဝေရေးလုပ်ငန်းများနှင့် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)