သထုံမြို့ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၆)ကြိမ်မြောက် သုဝဏ္ဏဘူမိ ပရိယတ္တိစာမေးပွဲ ပထမရက် စတင်ကျင်းပ

သထုံ ဇွန် ၁၁

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် (၉၆)ကြိမ်မြောက် သုဝဏ္ဏဘူမိပရိယတ္တိစာမေးပွဲကို သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၌ ယမန်နေ့နေ့လည် ၁၂ နာရီ အချိန်မှ စတင်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုကြကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် ပထမအဆင့်မှ သတ္တမအဆင့်အထိ ဝင်ရောက်ဖြေဆိုတော် မူကြသည့် သံဃာတော် ၁၅၇ ပါးနှင့် သီလရှင် ၁၂ ပါးတို့က အဆင့်အလိုက် ပထမ ကျမ်းကို စတင်ဖြေဆိုတော်မူကြပြီး စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယက အဖွဲ့မှကြီးကြပ်ရေး ဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များက အချိုရည်များ၊ လှူဖွယ်၀တ္တုများ ဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းစသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်‌ ပေးခဲ့ကြသည်။

သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပပြုလုပ်သည့် သုဝဏ္ဏဘူမိ ပရိယတ္တိ စာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံ အစုံစုံကို အဆင့် ၇ ဆင့်ခွဲ၍ တစ်ဆင့်လျှင် ၇ ကျမ်းဖြင့် ၇ ရက်ဖြေဆိုရကာ ကျမ်းပေါင်း ၄၉ ကျမ်းကို ၇ နှစ် ဝင်ရောက်ဖြေဆိုရပြီး ပထမ၊ ဒုတိယနှင့် တတိယအဆင့်တို့ကို ဖြေဆိုအောင်မြင်ပါက သာသနဇောတိပါလ ဓမ္မာစရိယ (ဒုတိယစာချ)ဘွဲ့ကိုလည်းကောင်း၊ စတုတ္ထနှင့် ပဉ္စမအဆင့်တို့ကို ဆက်လက် အောင်မြင်ပါက သာသနဟိတဂဏဝါစက အာစရိယ(ပထမစာချ)ဘွဲ့နှင့် အဘိဝံသ ဘွဲ့ထူးတို့ကိုလည်းကောင်း၊ ဆဋ္ဌမနှင့် သတ္တမအဆင့်တို့ကိုပါ အောင်မြင်ပါက ပိဋကတ္တယပါရဂူဘွဲ့ကိုလည်းကောင်း ဆပ်ကပ်လှူဒါန်းသည့် ထင်ရှားသည့် ပရိယတ္တိစာမေးပွဲကြီးဖြစ်သည်။

အဆိုပါ စာမေးပွဲကို ၁၉၂၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ကြားကာလ၌ အကြောင်းကြောင်းကြောင့် ၅ ကြိမ်ခန့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း (၉၅)ကြိမ်မြောက် အထိ ပိဋကတ္တရပါရဂူဘွဲ့အား သံဃာတော် ၇၉ ပါး၊ သီလရှင် ၄ ပါးတို့အား ဆပ်ကပ်နိုင်ခဲ့ပြီး အဆင့်အတန်းအသီးသီးအလိုက် အောင်မြင်ကြသည့် ပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း ယခုနှစ်တွင်(၉၆)ကြိမ်မြောက်အဖြစ် ‌ဇွန်လ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲ ၇ ရက်တာ အတွင်း သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၂၉၂ ပါးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားကြောင်း သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းမှ သိရသည်။

ခရိုင်ပြန်/ဆက်