ထားဝယ် ဇွန် ၉
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း ၂၀၂၃-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပသည်။
ထို့နောက်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းဦးဆောင်သော သန္ဓေ နှင့်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မိသားစူဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှဝန်ထမ်းများက သက်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုး အစား (၅)မျိုး စုစုပေါင်း ပျိုးပင်(၃၀၀)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးပြီးတာဝန်ရှိသူများက သစ်ပင်ပျိုးပင် စိုက်ပျိုးပေး နေမှုအားလှည့်လည်ကြည့်ရှုအားပေးသည်။
သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း ပျဉ်းကတိုး(၁၀၀)ပင်၊ မန်ဂျန်ရှား(၈၀)ပင်၊ မဟော်ဂနီ(၈၀)ပင်၊ ဗန်ဒါ(၂၀)ပင်၊ ခရေ(၂၀)ပင်၊ စုစုပေါင်းပျိုးပင်(၃၀၀)ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)