လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

လိပ်သို ဇွန်     ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင်  ယနေ့နံက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အမှာစကား ပြောကြားခြင်း၊ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များအား ဆုံးမအမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မူးယစ်ဆေးဝါးအန္တရာယ် အမျိုးအစား၊ မူးယစ်ဆေးစွဲလက္ခဏာများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းနှင့် ယနေ့လူငယ်များအနေဖြင့် လေ့လာ၍မကုန်နိုင်သော ဘ၀တက္ကသိုလ်ကြီးများဖြစ်သော စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်ကြခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကို သိရှိလာကြမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် မိတ်ဆွေကောင်းကို ပေါင်းသင်း ရခြင်းနှင့်တူပါကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး အထက်တန်းပြဆရာမ ဒေါ်ဝေဝေလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အန္တရာယ်ကြီးမားပုံ၊ ဆောင်ရန်/ ရှောင်ရန် အချက်များကိုဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)