ဟင်္သာတ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ မိမိခရိုင်အတွင်းရှိလုပ်ငန်းဆောင်ရွက်နေမှုများအား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းတာဝန်ခံဒေါ်စန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ယနေ့သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ တိုင်းတာဝန်ခံ ဒေါ်အေးကျော့ရီ မှမိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်ဟင်္သာတခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် မြေအသုံးချရေးဌာနခွဲတာဝန်ခံ၊ မျိုးစေ့ဌာနခွဲတာဝန်ခံ၊ သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ခံတို့မှသက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မှတာဝန်ရှိသူများ၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမြို့နယ် ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ ၊ ဇလွန် ၊ လေးမျက်နှာမြို့နယ်များမှ သင်တန်းသားသင်တန်းသူ ၁၀၀ ဦးနှင့်စုစုပေါင်း ၁၅၀ ဦးတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)