မြိတ် ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများနှင့် မိုးစပါးစိုက်အကျိုးဆောင်တောင်သူများအား မိုးစပါးစံပြကွက်များအတွက် ရေမြေဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းသည့် ဆင်းသုခမျိုးစပါး(၂၀၁၀)တင်းနှင့် ကော်ဖီစိုက်ပျိုးလိုသူများအတွက် ကော်ဖီပျိုးပင်(၃၁၆၀၀)ပင် အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။
မြိတ်ခရိုင်အနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသဝမ်းစာဖူလုံမှု(၈၁.၀၇)ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဒေသဝမ်းစာဖူလုံမှု ပိုမိုရရှိစေရေးအတွက် မိုးစပါး(၁၁၈၄၁၅) ဧကစိုက်ပျိုးနိုင်ရန်လျာထားပြီး စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် ယခုလို ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ရှိသော အထွက်ကောင်းဆင်းသုခမျိုးစပါးများအား မျိုးစပါးများထောက်ပံ့ပေးအပ်ခြင်း ဖြစ်၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးလာစေရန်အတွက် ကော်ဖီစိုက်ပျိုးလိုသူများအား ဒေသနှင့်ကိုက်ညီသည့် ရိုဘက်စတာကော်ဖီမျိုးပျိုးပင်များအား အခမဲ့ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးဒေါ်အင်ကြင်းခိုင်မှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများနှင့် မိုးစပါးစံပြကွက်များအတွက် အကျိုးဆောင်တောင်သူများအား မျိုးစပါးနှင့်ကော်ဖီစိုက်ပျိုးလိုသူများအတွက် ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြိတ်ခရိုင်ရှိ မြို့နယ်များမှ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများနှင့် မိုးစပါးစိုက်အကျိုးဆောင်တောင်သူများအား ရေမြေဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်းသည့် ဆင်းသုခမျိုးစပါးကို လယ်တစ်ဧက(၁)တင်းနှုန်းဖြင့် (၂၀၁၀)တင်းနှင့် ကော်ဖီစိုက်ပျိုးလိုသူများအတွက် ကော်ဖီပျိုးပင်(၃၁၆၀၀)ပင်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြရာ အကျိုးဆောင်တောင်သူများ ကိုယ်စားကျွန်းစုမြို့နယ်မှ တောင်သူဦးလှသွယ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )