ဖားဆောင်း ဇွန် ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့လယ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဦးနှင့်တပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ထော်လာဂျီများ၊ မော်တော်ယာဥ်များအား ယာဉ်စည်းကမ်း၊ လမ်းစဉ်းကမ်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့တွင်းသို့မောင်းနှင်ပါက အရှိန်လျော့မောင်းနှင်ရန်၊ စည်းကမ်း ဖောက်ဖျက် မောင်းနှင်မှုများကြောင့် သေဆုံးဒဏ်ရာရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းကြရန်နှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အလားတူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သူနာပြု-၁ဆရာမ ဒေါ်သက်သက်ထွေးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)