ကလိန်အောင် အောက်တိုဘာ ၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာ သိရှိနိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များနှင့် အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ယနေ့ နံနက် (၁၀)နာရီက လူစည်ကားရာလမ်းဆုံလမ်းခွနေရာ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူအများ သိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်း လာကြည့်သည့် ပြည်သူများ အနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် သင့်အမည်/ မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီးလား၊ မဲဆန္ဒရှင်စာရင်းသွားရောက် စစ်ဆေးရန်သင့်မှာ /အချိန် မရှိ မလုံလောက်ဖြစ်နေပါသလား၊ အွန်လိုင်းကနေစစ်ဆေးလိုက်ပါ၊ အမည်မပါလျှင် ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက် မှားယွင်းနေပါက ပုံစံ(၈) ဖြင့်လည်းကောင်း ဖြည့်စွက်လျှောက်ထားနိုင်ရန် စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်ကြောင်း သိရသည်။
မိုးမိုးခိုင်