အုတ်တွင်းမြို့နယ်၌ အချိုမှုန့်နှင့်ဆိုးဆေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

အုတ်တွင်း ဇွန် ၁၀

ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီး‌ကြပ်မှုအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အချိုမှုန့်နှင့်ဆိုးဆေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်သန္တာညွန့်က အချိုမှုန့်နှင့်ဆိုးဆေးအန္တရာယ်အကြောင်း အသိပညာပေး ပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် အချိုမှုန့်အလွန်အကျွံစား‌သုံးခြင်းကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်ခြင်း၊ အာရုံကြောအားနည်းစေခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း နှင့် သတိမေ့လွယ်ခြင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်စေနိုင်ကြောင်း၊ ဆိုးဆေးပါသော အစားအစာများ စားသုံးခြင်းကြောင့် အသည်းကိုပျက်စီးစေပြီး ကင်‌ဆာပါဖြစ်နိုင်သည့်အတွက် ရှောင်ကြဥ်စားသုံးကြရန်ပြောကြားသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးက အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကြက်သွန်ခင်း(၂)ရပ်ကွက် သဒ္ဓမ္မရောင်ခြည်သီလရှင်ကျောင်းတိုက်မှ သီလရှင် အပါး(၄၀)အား တစ်ပတ်စာစားဖွယ်ပစ္စည်းများနှင့် ငွေကျပ် ငါးသောင်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)