ရေဖြူ အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးရည်ရွယ်၍ ပြည်ပမှ နေရပ်ပြန်လာသူများနှင့် ပြည်တွင်းဒေသအသီးသီးမှ နေရပ်ပြန်သူတို့အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၀) ရက်နေ့မှစ၍ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းကူညီ စောင့်ရှောက်မှုဖြင့် Quarantine Centre များဖွင့်လှစ်၍ (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမှု ခံယူလျက်ရှိပါသည်။
ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ (၈) ရက်နေ့အထိ Quarantine Centre များသို့ (၁၇၈၇) ဦး ဝင်ရောက်ခဲ့ပြီး နှာခေါင်းတို့ဖတ် /အာခေါင် တို့ဖတ်များကို ပြည်ပမှ နေရပ် ပြန်များအား အနည်းဆုံး (တစ်) ကြိမ်နှင့် ပြည်တွင်းမှ ပြန်လာသူအား အနည်းဆုံး (နှစ်) ကြိမ် ရယူ၍ သက်ဆိုင်ရာ ဓါတ်ခွဲဌာနသို့ပေးပို့ရာ မြို့နယ်တွင်ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု လူနာမရှိသေးကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။ ယခုလက်ရှိ တွင် သတ်မှတ်ထားသော Quarantine Centre ကျန်းမာရေးစောင့်ကြပ် ကြည့်ရှုနေသူ (၅၃)ဦးရှိပြီး ၎င်းတို့၏ နှာခေါင်းတို့ဖတ်/အာခေါင်တို့ဖတ်များကို သက်ဆိုင်ရာ ဓါတ်ခွဲခန်းများ (မော်လမြိုင်) သို့ ပေးပို့ရာ ပိုးမတွေ့ရှိသည့် အဖြေကိုရရှိထားကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများက Quarantine Centre များ တွင် တစ်နေ့နှစ်ကြိမ် အပူချိန်တိုင်းတာ၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။
ရေဖြူမြို့နယ်တွင် ရေဖြူ၊ကံပေါက်၊ ကလိန်အောင်မြို့တို့၌ Quarantine Centre (၄) နေရာရှိရာ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီပေးမှုဖြင့် အသွားအလာ ကန့်သတ်ကာ (၁၄) ရက် ပြည့်ပြီးသူတိုင်း နေအိမ်ပြန်စေကာ နေအိမ်တွင် (၇) ရက် ထပ်မံနေထိုင်ရန် ညွှန်ကြားထားရှိ ကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)