မုံရွာ ဇွန် ၁၀
၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ယင်းမာပင်ခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်နေမှုအား တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ရာ ကလေးခရိုင်အသင်းက ယင်းမာပင်ခရိုင်အသင်းကို ၇ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပွဲစဥ်တစ်လျှောက် ဂိုးသမားအကောင်းဆုံးဆုရ ကလေးခရိုင်အသင်းဂိုးသမား ဟောက်ရှန်ထွဏ်အား ဆုရုပ်ထုနှင့် ငွေသားစုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လည်းကောင်း၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသော ကလေးခရိုင်မှ ကျော်သူရအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ခန္တီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က လည်းကောင်း၊ ပူးတွဲ တတိယရရှိသော ကသာခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က လည်းကောင်း၊ ဒုတိယဆုရရှိသော ယင်းမာပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်က လည်းကောင်း၊ ပထမဆုရ ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက လည်းကောင်း၊ ပထမဆုရ ကလေးခရိုင် အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဇွန် ၆ ရက်နေ့မှ ၉ ရက်နေ့အထိ တိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်နှင့် ဟုမ္မလင်းခရိုင်တို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)