ပန်းတနော် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဇွန်လ ၄ ရက်နေ့၌ ဖွင့်လှစ်လိုက်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံအား ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကျိုးရှိစွာအသုံးပြုနိုင်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များ ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက လူထုအခြေပြုဗဟိုဌာန (ပန်းတနော်)သည် လူငယ်လူရွယ်များပေါင်းစုံရာ စုရပ်တစ်ခုဖန်တီး၍ လူငယ်တို့၏ အနာဂတ်မြို့နယ်၊ တိုင်းဒေသကြီး နိုင်ငံအကျိုးဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် အပတ်စဥ်၊ လစဥ်၊ နှစ်စဥ် အစရှိသဖြင့် ဆောင်ရွက်မည့် အစီအစဥ် (activities)များအား ကော်မတီအဖွဲ့များ ဖွဲ့စည်းရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) ကို အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကော်မတီအဖွဲ့များဖွဲ့စည်း၍ မြို့ပေါ်ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား လူထုအခြေပြုဗဟိုဌာနသို့ အခါအားလျော်စွာ သွားရောက်လေ့လာစေရန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အစည်းအဝေးများ၊ စာပေဟောပြောပွဲ၊ စာပေပွဲတော်၊ အားကစားပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ တေးဂီတပွဲ၊ ပန်းချီပြိုင်ပွဲစသည့် လူငယ်လူရွယ်များအတွက် ပြိုင်ပွဲများပြုလုပ်နိုင်ရေး တက်ရောက်လာကြသည့်တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)