တောင်တွင်းကြီး ဇွန် ၉
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နေ့လယ် (၁)နာရီအချိန်က စာရေးဆရာအောင်သင်း၏ “အံ့ဩစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန်လိုအပ်သကဲ့သို့ ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသည် အနာဂတ်လူငယ်များဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းကို ကျင်းပရာ တက်ရောက်လာသည့် ကျောင်းသူလေးများက စာရေးဆရာ အောင်သင်း၏ “အံ့ဩစရာ ရိုးရာဓလေ့” စာအုပ်ပါ ဘဝဆိုသည်မှာ အချိန်နှင့်ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ကုန်ဆုံးသွားသည့် အချိန်များကို ပြန်လည်ဝယ်ယူ၍ မရပါကြောင်း၊ အချိန်ကို တန်ဖိုးရှိအောင် အသုံးချတက်မှ တန်ဖိုးရှိသည့်ဘဝကို ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း၊ ခေတ်ပေါ်အီလက်ထရောနစ်ပစ္စည်းများ သုံးမကုန်အောင် ပေါများနေသည့် အလွန်တိုးတက်နေသောခေတ်ကြီးတွင် နည်းပညာကို စနစ်တကျအသုံးချတတ်အောင် လေ့လာဆည်းပူးရန်လိုပါကြောင်း၊ ကိုယ်တိုင်စဉ်းစား ကြံဆတက်ရန်နှင့် ကျိုးကြောင်းမှန်ကန်စွာ စဉ်းစားကြံဆရန်လိုပါကြောင်း စသည့် အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ပြီး မိမိတို့ နားလည်သိရှိသည်များအား သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ Book Club ဥက္ကဋ္ဌ စာရေးဆရာ တောင်တွင်းအောင်သက်ဦး၊ အဖွဲ့ဝင် လောကတက္ကသိုလ်စာကြည့်တိုက်မှုး ဦးနိုင်ဦးနှင့် မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာအမြဲဖတ်နေသူဟာ နေ့စဉ်အသိဉာဏ်ပညာများ တိုးနေပါကြောင်း၊ စာအုပ်သည် အချိန်မရွေး၊ နေရာမရွေး ဖတ်ရှု့နိုင်ပါကြောင်း၊ စာပေလေ့လာဖတ်ရှု့ခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကို ရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေပါကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့မအခြေခံပညာအလယ်တန်းမှ Grade(8) ကျောင်းသား/ ကျောင်းသူ (၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)