ဘားအံ ဇွန် ၉
ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသေးသော ဒေသများ၊ ကျေးရွာများတွင် ရှိသည့် ပြည်သူလူထုကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေပြီး လွှမ်းခြုံမှု မြင့်မားလာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ လူထုကျန်းမာရေး လုပ်သားသင်တန်း အပတ်စဉ်(၂/၂၀၂၃)ကို ယနေ့ နံနက် ၇ နာရီခွဲခန့်က ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ် ဆေးရုံ၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့နယ်တွင် ယခင်က ကျန်းမာရေး ဝန်ထမ်းများနှင့် လက်တွဲလုပ်ကိုင်နေကြသည့် လူထုကျန်းမာရေး လုပ်သား ၁၇ ဦးသာရှိခဲ့ရာမှ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော လူထုကျန်းမာရေးလုပ်သား အပတ်စဉ် (၁/၂၀၂၃)တွင် ၁၈ ဦးနှင့် ယခုသင်တန်းအမှတ်စဉ် (၂/၂၀၂၃)တွင် သင်တန်းသား၊ သင်တန်းသူ ၂၁ ဦး ထပ်မံမွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် ကျေးရွာပေါင်း ၅၆ ရွာ ကျော်မှ ပြည်သူများအား ပိုမိုအားပြည့်စောင့်ရှောက်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် လည်း မိမိတို့သင်ကြားလေ့လာရမည့် ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာများ၊ ဆရာ/ဆရာမကြီးများ၏ မြေပြင်အတွေ့အကြုံများ၊ ကွင်းဆင်းလေ့လာခြင်းများ စသည်ဖြင့် ကျန်းမာရေးပညာများကို ကျေကျေ ညက်ညက် လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က လူထုကျန်းမာရေး လုပ်သားသင်တန်းစရိတ် ထောက်ပံ့ငွေကျပ် ၅၀၄၅၀၀၀ (ငါးဆယ်သိန်းလေးသောင်းငါးထောင်ကျပ်) နှင့် လူထုကျန်းမာရေး လုပ်သား (၂၁) ဦး အတွက် ငွေကျပ် လေးသိန်းနှစ်သောင်းတို့ကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် သင်တန်းသား၊သင်တန်းသူများသည် စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)