အုတ်တွင်း ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး ဒေါ်အေးအေးမော်က“သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာများ”ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားသည်။ ထိုသို့အသိပညာပေးပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်း၊ သောက်သုံးရေကန်၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ စွန့်ပစ်အမှိုက်များအားမြေမြှုပ်ခြင်း၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ နေ့ခင်းဘက်အိပ်သည့်အခါ ကလေး/လူကြီးမရွေးခြင်ထောင်ထောင်၍အိပ်စက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများတွင်ပါဝင်သည့် သွေးလန့်သည့်လက္ခဏာများအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို အကျယ်တဝင့်ပြောကြားသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဇာခြည်ဖြိုးက အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားပြီး “သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအားလုံးပါဝင်ဆောင်ရွက်ပေး”လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)