ပွင့်ဖြူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီခွဲက ဆည်ရေလုပ်သား အဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းနှင့် အဖွဲ့က တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ရေလက်တံမြောင်း(၁၁)ရှိ ပိတ်ဆို့နေသော ရေမှော်ပင်များအား စုပေါင်းဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝ ရရှိစေရေးအတွက် မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် ဆည်ရေလုပ်သားများအဖွဲ့က ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေး စဉ်ဆက်မပြတ် ကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက တောင်သူများ သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ဆည်ရေလုပ်သားအဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းနှင့် အဖွဲ့ဝင်များက တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာ ရေလက်တံမြောင်း(၁၁)ရှိ ပိတ်ဆို့နေသော ရေမှော်ပင်များနှင့် ရေလက်တံမြောင်းဘောင် တစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများကို တောင်သူအကျိုးပြု စုပေါင်းဖယ်ရှား ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နှစ်စဉ် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် နိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း နှင့် စိုက်ပျိုးရေဖူလုံစွာ ဖြန့်ဝေပေးနိုင်မှုကြောင့် တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)